ဒေးဒရဲ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျုံသင်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးအောင်ကျော်ထူးက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ တိုးပွားစေရေးနှင့် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့်မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရေး လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးစီးအရာရှိ ဒေါ်ြမင့်မြင့်ခိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဝေယံမင်းက လူငယ်နှင့်စာပေ၊ မအေးအေးအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ မသီရိရှင်းသန့်က လူငယ်နှင့်ယဥ်ကျေးမှု၊ မစန္ဒာထွန်းက လူငယ်နှင့်ကိုယ်ကျင့်တရား၊ မောင်မောင်လှက လူငယ်နှင့်အားကစားစသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်းကို ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သိရသည်။
အေဇာလင်း