မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဆက်လက်ကျင်းပ

မြောင်းမြ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့ ညနေ(၃:၀၀)အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးဖလား(၃) မြို့နယ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(Semi Final) အား မြောင်းမြမြို့ မြို့မအားကစားကွင်းအတွင်းတွင် ဆက်လက်ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား ဇူလိုင်လ ၅ ရက်နေ့မှစတင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်း၆ သင်းဖြင့်ကျင်းပခဲ့သည်။ အုပ်စုပွဲစဥ်များအား အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့် ယှဥ်ပြိုင်ကစားခဲ့ကြပြီး ရှုံးထွက်အဆင့် အကြိုဗိုလ်လုပွဲသို့ ၄ သင်းတက်ရောက်ခဲ့သည်။

ပြိုင်ပွဲ၏အကြိုဗိုလ်လုပွဲ ပထမပွဲအဖြစ်ဇူလိုင်လ ၁၀ ရက်နေ့နံနက် (၇:၀၀) နာရီအချိန်က မြောင်းမြမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး ၃ ဂိုး ဂိုးမရှိရလဒ်ဖြင့် မြောင်းမြမြို့နယ် အမျိုးသမီးဘောလုံးအသင်းက အနိုင်ရရှိခဲ့သည်။ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဥ်အဖြစ် အိမ်မဲမြို့နယ် အမျိူးသမီးဘောလုံးအသင်းနှင့် ဝါးခယ်မမြို့နယ် အမျိုးသမီးဘောလုံး အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ နာကျင်အချိန်ပိုတွင် အိမ်မဲမြို့နယ် အမျိုးသမီးဘောလုံး အသင်းက ဝါးခယ်မမြို့နယ်အမျိုးသမီးဘောလုံးအသင်းအား ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး ပြိုင်ပွဲ၏ ဗိုလ်လုပွဲ (Final) ပွဲစဥ်အား ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး