ပခုက္ကူ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ပခုက္ကူမြို့၊ အမှတ်(၂) ခြေခံပညာကျောင်းဝန်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ပခုက္ကူမြို့၊ နယ်မြေခံတပ်နယ်မှ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကြပြီး တာဝန်ရှိသူများက ပျိုးပင်များပေးအပ်ကြသည်။
ထို့နောက် တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက ခရေပင်၊ ပိတောက်ပင်၊ ရင်းမာပင်၊ မယ်ဇလီပင်စသည့် ပျိုးပင်ပေါင်း ၆၀၀ ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များ မျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်ရေးနှင့် ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)