မြို့သစ်မြို့နယ်တွင် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြို့သစ် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစို‌ပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု၊ ‌အောင်ချမ်းသာကျေးရွာ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲ၊‌ စာသင်ကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးထွန်းခင်၊ မြို့သစ်မြို့နယ်၊ နယ်‌မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး သိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊‌ ‌ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်၍ ပဲချယ်ရီပင် ၂၀၀ ပင်၊ တမာပင် ၂၀၀ ပင်၊ စိန်ပန်းပင် ၂၀၀ ပင် စုစုပေါင်းပျိုးပင်ပေါင်း ၆၀၀ ကို အပူပိုင်းဒေသစိမ်းလန်းစို‌ပြည်စေရန် တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။ မြို့သစ်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစို‌ပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များ မျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တောသစ်ပင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)