ရေနံချောင်းမြို့နယ်၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရေနံချောင်း ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက  ရေနံချောင်းမြို့ မြို့ရှောင်လမ်းမိုင်တိုင်အမှတ် (၃၅၇/၅)အနီးရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ အထူးစိမ်းလန်းစိုပြည်ရေး (Greening Complex Zone) ဇုံစီမံကိန်းဧရိယာ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး လင်းနိုင်စိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သစ်တောသစ်ပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး လူသားများနှင့်သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် အောက်စီဂျင်ကို ထုတ်လွှင့်‌ပေးသည့်အတွက် သစ်တောသစ်ပင်များကို နှစ်စဉ်စိုက်ပျိုးထိန်းသိမ်းသင့်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်သစ်ပင်များကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများထံပေးအပ်သည်။ ဆက်လက်၍ တက်ရောက်လာသူများနှင့်အတူ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ရေမြေထိန်းသိမ်းရေး အထောက်အကူပြု တမာ၊ မဲဇလီ၊ ပဲချယ်ရီ၊ ဖျောက်ဆိပ်၊ ဒဟတ်စုစုပေါင်းသစ်မျိုးစုံ (၄၀၀၀)ပင်ကို တစ်ပျော်တစ်ပါး စု‌ပေါင်းစိုက်ပျိုးပြီး သစ်ပင်စိုက်ပျိုးနေမှုများကို ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊  လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၄၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)