သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေးဟောပြောပွဲ ကျင်းပ

သရက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာမူလတန်း သီရီမင်္ဂလာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးမှူး ဦးမင်းနိုင်က ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ပြောကြားသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး တစ်ဦးချင်းကျောင်းကျန်းမာရေး မှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)