ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့်စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  စာရေးဆရာ သတိုးနွယ်ရေးသားသည့် ကိုယ့်ဒူးကိုယ်ချွန်သူတို့အကြောင်းစာအုပ်ပါ  အလုပ်နှင့် အခွင့်အရေးဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် လူတိုင်း မိမိဆောင်ရွက်ရမည့်လုပ်ငန်းကို စိတ်ရှည်ရှည် ဇွဲကောင်းကောင်းနှင့် စေတနာထား၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်တတ်သည့် အမူအကျင့်ရရှိအောင် ကြိုးစားလေ့ကျင့် သွားရမှာဖြစ်ပြီး မိမိရရှိတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းဟာ မိမိဘဝအတွက် အကျိုးရှိသည့် ရင်းနှီးမြှပ်နှံမှုဖြစ်ကြောင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့်  နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များကျင်းပခြင်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း