ဆင်ပေါင်ဝဲ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅-ခုနှစ်မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ဆင်ပေါင်ဝဲမြို့နယ် အောင်လံ-တောင်တွင်းကြီးလမ်း၊ မိုင်တိုင်အမှတ်(၂၅၅/၂)အနီးရှိ တောပုန်းကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၄)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးသိန်းဇော်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်၍ တမာ၊ မယ်ဇလီ၊ မြန်မာရှားစသည့် ပျိုးပင်(၆၀၀)ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန် စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်ကာသစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တော သစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)