နတ်မောက် ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများနှင့်ပူးပေါင်းကာ မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေး ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်းကို ယမန်နေ့က ပ/လက်ခုပ်ပင်ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ ၊ ပ/ဂွေးချိုကျေးရွာနှင့် အင်းကုန်းကျေးရွာများတွင် ပြုလုပ်ခဲ့ကြသည်။
တောင်သူများ လက်ရှိစိုက်ပျိုးနေသော အထွက်ကောင်းစပါးမျိုးများကို မျိုးကောင်းမျိုးသန့် စပါးမျိုးဖြင့်(၃)နှစ်တစ်ကြိမ် သွေးသစ်လောင်းလဲလှယ်စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းတိုးရေးကို အထောက်အကူပြုစေရန်အတွက် ပျိုးဘောင်ပြုလုပ်၍ ပျိုးထောင်ခြင်း၊ ပျိုးနုတ်စိုက်ပျိုးခြင်း၊ မျိုးသန့်ရွေးချယ်ရာတွင် မျိုးကွဲပယ်၊ အပင်ပွားစည်းချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်၊ ရိတ်သိမ်းချွေလှေ့သန့်စင်အခြောက်ခံ၍ မျိုးအဖြစ်သိုလှောင်သိမ်းဆည်းခြင်း နည်းပညာများအကြောင်းနှင့် နွေစပါးသီးနှံခေါင်နှံမျိုးသန့်ရွေးချယ်ခဲ့ရာတွင် ခေါင်နှံများအစိုဓာတ်(၁၂)ရာခိုင်နှုန်းလျော့ချပြီး သိမ်းဆည်းထားရှိကြောင်းနှင့် လာမည့်စပါးစိုက်ရာသီတွင် ရွေးချယ်ထားသော ခေါင်နှံများကို ပျိုးထောင်စိုက်ပျိုးခြင်း လုပ်ငန်းများဆောင်ရွက်၍ မျိုးသန့်ပွားများဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်ဝန်ထမ်းများ၊ ဒေသခံစပါးစိုက်တောင်သူများပူးပေါင်း၍ မျိုးကောင်းမျိုးသန့် မျိုးစေ့များအသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုထွက်ရှိနိုင်ရေး ခေါင်နှံမျိုးသန့်များရွေးချယ်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း