ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာပန်းတောင်းကျေးရွာအနီး မြန်မာ့မီးရထားပိုင်မြေကွက်လပ်၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပွင့်ဖြူမြို့နယ် နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ထွန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ ၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ယူကလစ်၊ မြန်မာကုက္ကို၊ ဖျောက်ဆိပ်၊ ဗန်ဒါစသည့် အရိပ်ရပျိုးပင် ၃၀၀ ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများသစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်စွာမြင့်ဦးထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)