ကန့်ဘလူခရိုင်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် နည်းပညာအထောက်အကူပြုအဖွဲ့များအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့်ကျွမ်း ကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံး ပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇူလိုင် ၁၀ ရက်နံနက် ၉ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြော ကြားခဲ့ကြောင်းနှင့်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က MEVM စက်ကိုင်တွယ်အသုံးပြုပုံ ၊မဲပေးပုံနည်းစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြန်မာအီလက်ထရောနစ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းနည်းပြဆရာ (၃) ဦးနှင့် သင်တန်းသားသင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)