စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၆/၂၀၂၅) အစည်းအဝေး တက်ရောက်

မုံရွာ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၅) အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက် လည်ပတ်သည့်ခရီးစဉ်ဒေသများ အဆင်ပြေချော မွေ့စေရန်နှင့် ခရီးသွားများ၏ ရည်ရွယ်ချက်များ သက်တောင့်သက်သာရှိရန်အတွက် ပြည်တွင်းခရီးသွားစစ်တမ်းပါ လိုအပ်ချက်များအား လေယာဉ်ခရီးစဉ်မှသည် ယာဉ်၊ ရထား၊ Taxi အထိ ပြည့်စုံကောင်းမွန်အောင် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များမှ ဖန်တီးပေးသွားကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် အမှိုက်များအား စနစ်တကျစွန့်ပစ်တတ်သည့် အလေ့အကျင့် ကောင်းများဖြင့် စနစ်တကျခွဲခြားစွန့်ပစ်တက်ရန် ပညာပေးခြင်း၊ သက်ဆိုင်ရာမှလည်း အမှိုက်သိမ်းခြင်း၊ အမှိုက်ပုံးများလုံလောက်အောင် စီစဉ်ပေးခြင်းဖြင့်တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းပုံရိပ်အား မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး သည်အပူပိုင်းဒေသဖြစ်ပြီး အခုနှစ်မိုးရာသီအမီ သစ်ပင်စိုက်ရာသီတွင် သစ်ပင်များများ စိုက်ပျိုးသွားကြရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးစီမံချက်များအား အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၅/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများသွားလာရေး၊ နေထိုင်ရေးနှင့် ဟိုတယ်/တည်းခိုရိပ်သာများပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေအနေများအားလည်းကောင်း အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)