ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း

ဘားအံ ဇူလိုင် ၁၀

ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီ (၈)ရပ်နှင့် ခရိုင်/မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီများ၏ (ဒုတိယအကြိမ်) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လုပ်ငန်းကော်မတီအသီးသီးမှ မိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို အမျိုးသားကော်မတီသို့ အချိန်မီပေးပို့နိုင်ရေးနှင့်အချက်အလက်များ မှန်ကန်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ မိမိတို့လုပ်ငန်းတာဝန်များကို အဓိကထားဆောင်ရွက်ပြီး လုပ်ငန်းကော်မတီအချင်းချင်းသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး  ပြည်နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ပြည်နယ်အတွင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီ(၈)ရပ်၏ အတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ အသက်(၁၄)နှစ်နှင့်(၁၆)နှစ်ကြား ကလေးသူငယ်ဦးရေ၊ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှု၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခဲ့မှု၊ NGO,INGO လူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဇူလိုင် ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံ ပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် အထူး နေ့လယ်စာကို သုံးဆောင်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က  အမှာစကားပြောကြားပြီး အထူးနေ့လည်စာအတွက် ငွေကျပ် ၇၆၂၀၀၀ ကို ကျောင်းအုပ် ဆရာမကြီးထံ ချီးမြှင့်ပေးအပ်ကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်က ကျောင်းသား၊ ကျောင်းသူများသင်ကြားရေးအထောက်အကူဖြစ်စေရန် ကွန်ပျူတာတစ်စုံ၊ Printer တစ်လုံး၊ Scanner တစ်လုံး၊ မြေတိုင်း Tripot တစ်စုံ၊ လက်ကိုင်မှန်ဘီလူး ၃၀ ၊ ဆေးဖျန်းပုံး တစ်လုံး၊ ပေါက်တူး ၂၀ လက်၊ ခမောက် ၅၀ ကိုလည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်နွယ်ရီက ကြက်ဥ၊ ဘဲဥများနှင့်မီးအားမြှင့်စက်တစ်လုံးတို့ကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြကာ အဆိုပါ အထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဆရာ၊ ဆရာမ ၂၄ ဦး တို့နှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အဆိုပါအထက်တန်းကျောင်းဝင်းအတွင်းရှိ ဝက်မွေးမြူရေးခြံ၌ဝက်များ မွေးမြူထားရှိမှု၊ ကြက်မွေးမြူရေးခြံဆောက်လုပ်မည့်မြေနေရာ၊ ဟင်းသီးဟင်းရွက်ပဒေသာစိုက်ခင်း(School Garden) တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)