ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ထားဝယ် ဇူလိုင် ၁၀

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နာင်က မဟော်ဂနီသစ်ပင် ပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်ထားသော နေရာများတွင် ပျိုးပင်များအား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးကာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

"သက်ရှိလောကတည်မြဲဖို့၊သစ်ပင် စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊  ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း" စသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ မဟော်ဂနီ၊ မန်ဂျန်ရှားနှင့် အခြားသစ်ပင်ပျိုးပင်များ စုစုပေါင်း သစ်ပင်ပျိုးပင် (၁၅၀) ပင်အား စိုက်ပျိုးပေးကြသည်။

ထားဝယ်ခရိုင်အတွင်းရှိ သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့်ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တက္ကသိုလ်၊ သင်တန်းကျောင်းများနှင့် ဒေသခံပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါက ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)