ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင် မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ တက်ရောက်

မြိတ် ဇူလိုင် ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၀)နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲတက်ရောက်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ) ဦးကိုကိုလွင်က လာမည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်စက်ကို အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများကို မှန်မှန်ကန်ကန် တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကာ ယခုလို အီလက်ထရောနစ်စက်ဖြင့် မဲပေးစက်တည် ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ် စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ယခု သင်တန်းတွင် စနစ်တကျ သင်ကြားပြသပေးမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ နည်းလမ်းကျန မှန်ကန်သည့် အထွေထွေရွေးကောက်ပွဲပုံစံ ဖြစ်စေရေးနှင့် ရွေးကောက်ပွဲ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်‌ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် ပြောကြားပြီး   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က MEVM စက်အသုံးပြု ရခြင်းနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဖိတ်ကြားထားသူများမှ အီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲနေ့တွင် ဆောင်ရွက်ရမည့် အစီအစဉ်များအတိုင်း မဲရုံဖွင့်လှစ်ခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း၊ မဲရေတွက် ခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ အီလက်ထရောနစ် မဲပေးစက်အသုံးပြုမှုနည်းပြ ဆရာဖြစ် သင်တန်းကို သင်တန်းကာလ (၃)ရက်ဖွင့်လှစ်၍ သင်တန်းသား(၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

 ခိုင်ထူး (ပြန်/ဆက်)