ဒေးဒရဲ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာ၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စုနှင့် မိသားစုဝင်များအား ယနေ့မွန်းလွဲ(၁)နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က လေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်ရခြင်းလုပ်ငန်းများကို ရှင်းလင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမင်းမာန်ခ နှင့်လူမှုရေးအသင်းအဖွဲ့များက တိုးကျေးရွာရှိလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၃၈)လုံးနှင့် လေဘေးသင့် အိမ်ထောင်စုဝင်(၃၈)စုရှိ လူဦးရေ(၁၇၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၃၅၇၅၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပုံးများအား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း