မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မြောင်းမြ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများအား မြောင်းမြ ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ စျေးရောင်းအဖွဲ့ (၅) ဖွဲ့အား ဖွဲ့စည်းတာဝန်းပေး၍ မိမိတို့ တာဝန်ကျသည့်နေ့တွင် ဆန်-သီးထပ်ရင် တစ်ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၃၆၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် (၄၃၀) ကျပ်နှုန်းဖြင့်လည်းကောင်း မူလစျေးနှုန်းအောက်လျှော့ချ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ယနေ့ ဇူလိုင်လ (၁၀) ရက်နေ့တွင် မြောင်းမြခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာ့လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းစျေးရောင်းအဖွဲ့တို့မှ ဆန် (၄၀) အိတ်၊ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၁၅၀၀) လုံးနှင့် ဘဲဥ (၃၀၀) လုံးတို့အား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)