ပခုက္ကူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မူလတန်းကြိုကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဦးက “အသက် ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးရာတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝတစ်သက်တာအတွက် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် နည်းစနစ်မှန်ကန်ကောင်းမွန်စွာ လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန်၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အထောက်အကူပြုစေရန်၊ ကလေးငယ်တစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာများကို မိသားစု၊ ပတ်ဝန်းကျင်တို့တွင် လက်တွေ့အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်အိမ့်မှူးခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် သင်တန်းသူများက ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးဆိုင်ရာ သရုပ်ပြအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး သင်တန်းကာလအတွင်း လက်တွေ့ဖန်တီးပြုလုပ်သည့် သင်ကြားရေးဆိုင်ရာ ပန်းချီများ၊ ကာတွန်းပုံများ၊ လက်မှုပစ္စည်းများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ပြီး ကလေးသူငယ်များ၏ သဘောသဘာဝများ၊ ဘာသာစကားများ ကျွမ်းကျင်ပီသစွာ ပြောဆိုတတ်နည်း၊ သင်္ချာကိန်းဂဏန်းများ၊ သိပ္ပံဘာသာရပ်သဘောသဘာဝများနှင့် အထောက်အကူပြုပစ္စည်းများအကြောင်း၊ ဆန်းသစ်တီထွင် ဖန်းတီးမှုများ၊ တေးဂီတနှင့် အနုပညာလှုပ်ရှားမှုများ၊ မိဘများအား အသိပညာပေးဘာသာရပ်များ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်မှုနည်းလမ်းများ စသည့်ဘာသာရပ်များကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)