ချောက် ဇူလိုင် ၁၀
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကိုပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောက်ခရိုင်၊ ချောက်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ချောက်ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမိုးဇော်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား/ကျောင်းသူလေးများက အလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ချောက်ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမိုးဇော်နိုင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း Never Stop Learning Talk Show အစီအစဉ်အား ကျင်းပရာ စာရေးဆရာမခင်ဆွေဦးရေးသားသည့် အင်ကြင်းရဂုံ ဝတ္ထုအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသူ(၄)ဦးတို့က အင်ကြင်းရဂုံ စာအုပ်အပေါ် စာအုပ်၏အနှစ်ချုပ်၊ အားနည်းချက်၊ အားသာချက်များ၊ စာအုပ်အား ဖတ်ရှုခြင်းဖြင့်ရရှိလာသည့်အကျိုးကျေးဇူးများ၊ စာအုပ်တွင်ပါဝင်သည့် ဇာတ်ကောင်စရိုက်များကို စကားဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း Never Stop Learning Talk Show တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ ဆုရရှိသူများ၊ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်စာအုပ်ပြပွဲနှင့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)