မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

မကွေး ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် သင်္ဘောဆိပ်ကျေးရွာတွင် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်လေ့ကျင့်သည့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့အချိန်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခံစားနေရတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ သဘာဝဘေးတွေကတော့ မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးနဲ့ မိုးခေါင်ရေရှားဘေးတွေဖြစ်ပါကြောင်း၊ ဘေးတစ်မျိုးစီမှာကြီးမားတဲ့ အဖျက်စွမ်းအားရှိတာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရာဂီမုန်တိုင်းဘေးနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လမှာဖြစ်ပွားခဲ့တဲ့ မြေငလျင်ဘေးကြီး စတာတွေကိုကြည့်ရင် သိနိုင်ကြောင်း၊ ရေဘေးနဲ့ လေဘေးတွေကတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ နှစ်စဉ်ကြုံတွေ့နေရတာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအနေနဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ဆိပ်ဖြူမြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းရာက ဖြစ်ပွားခဲ့တဲ့ လျှပ်တပြက်ရေဘေးကြောင့် လူ(၁၆၁)ဦးသေဆုံးခဲ့ရပြီး၊ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် မြို့နယ်(၁၄) မြို့နယ်မှာ လူဦးရေ(၅)သောင်းကျော် ရေဘေးရှောင်ပြောင်းရွှေ့ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရတဲ့ ဘေးတွေလည်းရှိပြီး ရေဘေးအန္တရာယ်အနေနဲ့ လျှပ်တပြက် ရေဘေးကခန့်မှန်းဖို့ခက်ခဲပေမဲ့ မြစ်၊ ချောင်းတွေရေကြီး ရေလျှံမှုကြောင့်ဖြစ်တဲ့ ရေဘေးကတော့  ကြိုတင်သိရှိနိုင်တာဖြစ်ပါကြောင်း၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်တွေကို ကြိုတင်အသိပေး ကြေညာပေးနေသလို သက်ဆိုင်ရာဌာနတွေကလည်း ကြိုတင်သတိပေးနှိုးဆော်တာတွေကို ဆောင်ရွက်နေတာရှိပါကြောင်း၊ ဒီလိုကြိုတင်သိရှိနိုင်တဲ့အတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အသီးသီးအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်အလိုက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ခြင်း၊ ပြည်သူတွေအနေနဲ့ သဘာဝဘေးအသိပညာပေးတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို သိရှိလိုက်နာခြင်းအားဖြင့် အသက်၊ အိုးအိမ်စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေမှာဖြစ်ပါကြောင်း၊ သဘာဝဘေးလျော့ပါးရေးအတွက် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ရာမှာ ပြည်သူလူထုထံသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့မှာ အလွန်အရေးကြီးတဲ့အချက်ဖြစ်သလို၊ ဒီလိုဆောင်ရွက်ရာမှာလည်း တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ဖြင့် ဆောင်ရွက်လို့မရဘဲ အားလုံးဝိုင်းဝန်းပူးပေါင်းမှုဖြင့် ဆောင်ရွက်မှသာ မိမိတို့ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ မိမိတို့ရပ်ရွာကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်တဲ့အတွက် ယခုလို လက်တွေ့ပူးပေါင်းလေ့ကျင့်ခြင်းအားဖြင့် အမှန်တကယ် ဘေးအန္တရာယ်ကိုရင်ဆိုင်တွေ့ကြုံရတဲ့အခါ လုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမဲ့လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး အခက်အခဲမရှိ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ဇာတ်တိုက်လေ့ကျင့်နေမှုများဆောင်ရွက်ရာ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ ပူး‌ပေါင်းအဖွဲ့များဖြစ်‌သော လုပ်ငန်းအဖွဲ့အသီးသီးနှင့် အဖွဲ့အစည်းများက သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက  လိုက်လံသတိပေးနှိုးဆာ်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်‌ရေး အထောက်အကူပြု ပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် ရွာသူ၊ ရွာသားများအား ရှာဖွေကယ်ဆယ်ခြင်း၊  ကျေးရွာရှိထိခိုက်လွယ်သော သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များကို သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် ဘေးလွတ်ရာသို့‌ ရွှေ့ပြောင်းခြင်း၊ လှေတိမ်းမှောက်ပြီး ရေနစ်သူနှစ်ဦးအား ကြက်ခြေနီအဖွဲ့က ရှေးဦးသူနာပြုစုခြင်းဖြင့် အသက်ကယ်ဆောင်ရွက်ပြီးလူနာ နှစ်ဦးအား မိုစိတ်ချရသည် ဆေးရုံသို့ပို့ဆောင်ခြင်းများ၊ အသက်ကယ်အင်္ကျီဝတ်ဆင်ပုံနည်းများ၊ သဘာဝဘေးဒဏ်ခံရသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့်ကုသခြင်း၊ မြစ်ရေကြီးမြင့်လာပါက နီးစပ်ရာ အရေးပေါ်စခန်းများသို့ ရွှေ့ပြောင်းရန်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ၊ ကျေးရွာသူ/ ကျေးရွာသားများအား အချိုရည်၊ မုန့်၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ