ကျိုက်လတ် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်(၈)ရက် နံနက်ပိုင်းက ပန်းပဲစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(ခွဲ)(ပန်းဘဲစု) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်ခိုင်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-11 မှ မောင်အောင်မြင့်မြတ်က လူငယ်နှင့် အားကစား၊ မယွန်းဝတီ က လူငယ်နှင့်စည်းကမ်း၊ မောင်ဆန်းလင်းထိုက်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် နှင့် မအိနန္ဒာက လူငယ်နှင့် စာပေခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ “လူငယ်စကားဝိုင်း”သို့ အ.ထ.က(ပန်းဘဲစု)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်ခိုင်မိုး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်