ကန့်ဘလူ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း(၄/၂၀၂၅) ဆင်းပွဲ ကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က ကွန်ပျူတာပညာရပ်များကို ယခုအခါ လူတိုင်းတတ်မြောက်ထားသင့်သည့် ပညာရပ်တစ်ခုဖြစ်ကြောင်း သင်တန်းမှသင်ကြားပို့ချခဲ့သည်များကို ဆက်လက်လေ့လာဆည်းပူးကြရန်နှင့် နားမလည်သည်များရှိပါက မေးမြန်းနိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတက်ရောက်၍ သင်တန်းကာလတစ်လတာအတွင်း ကွန်ပျူတာအခြေခံပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း