ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ ဘိုကလေးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အဆင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ကျောင်းသား/သူ လူငယ် မောင်မယ်များနှင့်အတူ “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှုူ၊ လူငယ်နှင့်ဝါသနာ၊ လူငယ်နှင့် အောင်မြင်မှု”စသော ခေါင်းစဉ်များဖြင့် လူငယ်များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ လေ့လာ မှတ်သားစရာများအား မြိုင်မြိုင်ဆိုင်ဆိုင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ်စကားဝိုင်း တက်ရောက်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်များက မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများကပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းအပြီးတွင် အဆိုပါကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က “လူငယ်များတိုးတက်ဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် စာဖတ်ခြင်း၏အနှစ်အရသာများ၊ စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူး၊ ဂုဏ်၊ ဒြပ်များအား ဖော်ညွှန်း၍ စာဖတ်ချင်စိတ်များ ဖြစ်ပေါ်လာစေရေး တိုက်တွန်းဟောပြောခဲ့ကြောင်းနှင့် ကဏ္ဍစုံအသိပညာပေး နံရံကပ်စာစောင်များကိုလည်း ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)