တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကျောက်ကပ်ဝေဒနာရှင်များကို ကြည့်ရှုအားပေးစကား ပြောကြား

ထားဝယ် ဇူလိုင် ၁၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် တက်ရောက်ကုသနေသော ကျောက်ကပ်ဝေဒနာရှင်များကို ကြည့်ရှုအားပေးစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးကုနေသော ကျောက်ကပ်ဝေဒနာရှင်များကို လိုက်လံအားပေးစကား ပြောကြားပြီး ကျောက်ကပ်ဝေဒနာရှင်များပြားလာသည်အတွက်ကြောင့် နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ကျောက်ကပ်စက်များနှင့်တနင်္သာရီတိုင်းဒေသကြီး ကျောက်ကပ်ဖောင်ဒေးရှင်းတို့က လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောက်ကပ်ဝေဒနာ လာရောက်ကုသနေသည့် ဝေဒနာရှင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားပြီး ကျောက်ကပ် အလှူရှင်များ ပေါ်ပေါက်လာပါက လှူဒါန်းနိုင်ရေးအတွက် ဆက်သွယ်၍ ဆောင်ရွက်ပေးသွားမည်ဟု ဝေဒနာရှင်များအား မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)