ပခုက္ကူ ဇူလိုင် ၁၀
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဌာနဆိုင်ရာများအလိုက် ဝါဆိုသင်္ကန်းကပ်လှူသူများ၊ ရှေးဟောင်း သမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ကောင်းမှုကုသိုလ်ပြုလုပ်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ မဟာဝိဇယာရာမ(အရှေ့တိုက်)၊ မဟာဝိသုတာရာမ (အလယ်တိုက်)၊ သာသနဝိပုလာရာမ(မန္တလေးတိုက်)စသည့် ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရုံးမိသားစုများအလိုက် ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီးလခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတော် ရွတ်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ကြသည်။
ထို့အပြင် သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)