ပုသိမ် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူပူဇော်ခဲ့ကြကာ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တပညာဇောတ မဟာထေရ်မြတ်ထံမှ ပရိတ်တရားတော်များ နာယူ ကြည်ညိုကြပြီးနောက် ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူ ပူဇော်ပွဲအားကျင်းပရာ သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးအမှူးပြုသော မြတ်မော်တင် တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင် သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေအပါး ၂၀၀ အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူပူဇော်ခဲ့ကြသည်။
ကျော်ဟိန်း