ဟင်္သာတ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မနက်ပိုင်းက ခရိုင်ပြန်ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်လည်းကောင်း ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းတွင် အခမ်းအနားတစ်ခုကျင်းပရာတွင် မရှိမဖြစ် အခမ်းအနားမှူးပါရှိရန်လိုအပ်ပြီး အခမ်းအနားတစ်ခုလုံးကို အစီအစဥ်တကျ စီစဥ်ဆောင်ရွက်သွားနိုင်စေရန်၊ အခမ်းအနားမှူး၏ လိမ္မာပါးနပ်စွာဖြင့် ပံ့ပိုးမှုသည် အစီအစဥ်များကို ချောချောမွေ့မွေ့နှင့် အောင်မြင်စွာဆောင်ရွက်နိုင်မှု၊ အခမ်းအနားကျင်းပနေစဥ်အတွင်း အပြောင်းအလဲဖြစ်ပေါ်လာမှုကိုလည်း တည်ငြိမ်စွာဖြင့် စီစဥ်တင်ဆက်နိုင်မှုသည်အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသည့် အခမ်းအနားမှူးကောင်းများမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝသည့် အခမ်းအနားမှူးများဖြစ်လာစေရန်ရည်ရွယ်၍ အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများအတွက် အခြေခံသိရှိထားရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များနှင့်၊ မိမိတို့၏ ပင်ကိုယ်အသံကို ကောင်းမွန်စွာအသုံးချတတ်ရန် လေယူလေသိမ်း၊ စကားလုံးသုံးစွဲမှု၊ မိုက်အသုံးပြုပုံ၊ ဝတ်စားဆင်ယင်မှု စသည့်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ဆက်မှ ခရိုင်ဦးစီးမှူးထံမှသိရသည်။
အဆိုပါ သင်တန်းကို ဟင်္သာတခရိုင်အတွင်းရှိ ခရိုင်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်း ၃၆ ဦး၊ ဟင်္သာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်ရှိ ခရိုင်ရုံးနှင့်မြို့နယ်၊ မြို့ရုံးများမှ ထွေအုပ်ဝန်ထမ်း ၃၂ ဦး တက်ရောက်ခဲ့ကြောင်းနှင့် နည်းပြများမှာ ခရိုင်ပြန်ဆက်မှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာတို့က စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)