ထားဝယ် ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက်(အမျိုးသား)ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ လောင်းလုံးမြို့နယ်အသင်းနှင့် ကော့သောင်းမြို့နယ်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ပြိုင်ပွဲဝင်အားကစားသမားများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ ကော့သောင်းမြို့နယ်အသင်းက ၅ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိသည်။
ထိုနောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင် က ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် ကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဒုတိယဆုရရှိသည့် လောင်းလုံးမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးက ပထမဆုရရှိသည့် ကော့သောင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)