ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၊ ပရိတ်တရား‌တော်များနာယူ

ပုသိမ် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်း၌ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးသို့‌သွားရောက်၍ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် စေတီတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုကာ တောင်ဘက်အာရုံခံ တန်ဆောင်းတည်‌ဆောက်ပြီးစီးမှု၊ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်ပြီးစီးမှုများ၊ စေတီတော်ရင်ပြင် အနှုတ် ၁၂ ပေ တည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရေး၊ မြန်မာမှုလက်ရာများ သေသပ်ကောင်းမွန်စေရေး၊ စေတီတော်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် သာသနိက အဆောက်အဦများ ရေရှည်တည်တံ့စေရေးအတွက် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။

ကျော်ဟိန်း (ပြန်/ဆက်)