ပုသိမ် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်း ကောင်းမွန်ရေးအတွက် ဟိုင်းကြီးချောင်းအဝတွင် နုန်းအနည်အနှစ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက နုန်းတားကျောက်စီလှိုင်းကာ ဆောင်ရွက်ပြီးစီးမှုေကြာင့် ဟိုင်းကြီး ချောင်းဝတွင် နုန်းအနည်အနှစ်များ ကျရောက်မှုကို တားဆီးပေးနိုင်မှု၊ ဟိုင်းကြီးချောင်းအတွင်း ရေယာဉ်များ၀င်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီရေများချိန်တွင် နုန်းတားကျောက်စီ လှိုင်းကာ၏ ကြံ့ခိုင်မှုကို စဥ်ဆက်မပြတ်စောင့်ကြည့်၍ လိုအပ်ပါကအချိန်မီပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်း တိုက်နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသည့် လူနာများအား အားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေကြသည့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ကျော်ဟိန်း