ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ကြံခင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက  ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစောသာထူးက သွားကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုက်နယ်ဆရာဝန်ဒေါက်တာမျိုးအိအိထွန်းက ရာသီတုပ်ကွေးများအကြောင်းအားလည်းကောင်း၊ ကျန်းမာရေး မှူးများနှင့် ကျေးလက်ကျန်းမာရေးသူနာပြုဆရာမတို့က ဝမ်းပျက်ဝမ်းလျော ရောဂါအကြောင်း၊ ခြေသည်း၊ လက်သည်း၊ သန့်လေးသန့်အကြောင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့်နေထိုင်စားသောက်ရမည့် အကြောင်း အရာများကို ဟောပြောကြသည်။ ဆက်လက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာစောသာထူးက ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းထံသို့ သွားတိုက်ဆေးဘူးနှင့် သွားတိုက်တံများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး လက်ခံရယူခဲ့သည်။

ထို့နောက် ဒေါက်တာစောသာထူးက ကျောင်းသား၊ ကျောင်းသူများအား သွားနှင့် ခံတွင်း ကျန်းမာရေး စစ်ဆေးပေးကာ ကလေး ၃၁ ဦးအား သွားနုတ်ပေးခဲ့ပြီး ဒေါက်တာမျိုးအိအိထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ တီဘီရော ဖြစ်ပွားခြင်း ရှိ/မရှိ စမ်းသပ်ရှာဖွေခြင်းများအား ပြုလုပ်ပေးခဲ့ပြီးနောက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း