ငဖဲ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၁၂ နာရီခွဲအချိန်က ၂၀၂၃ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက သုတ၊ ရသစာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရာ မြို့နယ်ဒုတိယဦးစီးမှူးဒေါ်ဥမ္မာကျော်က ၂၀၂၃ ခုနှစ် ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ပါ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် “လူငယ်နှင့်ရွေးချယ်မှု”ဆောင်းပါးပါ ဘဝတစ်လျှောက်လုံး သာယာဖြောင့်ဖြူးရေးအတွက် ရွေးချယ်မှုသည် အလွန်အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် စိတ်စေရာလမ်းမှားကို ရွေးချယ်သွားနိုင်ကြောင်းနှင့် ရွေးချယ်စရာများပြားလှသည့် ကမ္ဘာကြီးအတွင်း အစစအရာရာကို စဉ်းစားချင့်ချိန်ရွေးချယ်တတ်ရန် လိုအပ်ကြောင်း ၊ Grade-10 ကျောင်းသား မောင်သက်နိုင်ထွန်းက မြသိန်းရေးသားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆေးလိပ်သောက်သုံးမှု ဆောင်းပါးပါ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းတို့ကြောင့် တစ်နှစ်လျှင် လူပေါင်းသုံးသန်းကျော် သေဆုံးနေကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဆေးလိပ်မသောက်ရေးကို တင်းတင်းကျပ်ကျပ်တားဆီးနေကြောင်းနှင့် ဆေးလိပ်သောက်ခြင်းဖြင့်ရရှိလာမည့်ဆိုးကျိုးတို့ကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါ အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာအုပ်တွင် လူငယ်ရေးရာကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ အတွေးအခေါ်နှင့် တက်ကျမ်း၊ နိုင်ငံတကာဆိုင်ရာ၊ အဂတိလိုက်စားမှု၊ ဒီမိုကရေစီဆိုင်ရာ၊ ရွေးကောက်ပွဲ၊ သဘာဝပတ်ဝန်းကျင်၊ ကလေးအလုပ်သမားပပျောက်ရေး၊မူးယစ်ဆေးဝါး၊ စီးပွားရေး၊ ဖြစ်ရပ်မှန် စသည့် သိမှတ်ဖွယ်ရာများပါဝင်ပြီး လူငယ်များအနေဖြင့် ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)