နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံဧက (၂၅၉၀၀)လျာထား စိုက်ပျိုးဆောင်ရွက်

နတ်မောက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံဧက (၂၅၉၀၀)လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ချည်မျှင်ရှည်ဝါသီးနှံ (၁၂၅၄၁)ဧက စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်သည်။

နတ်မောက်မြို့နယ်၌ ယခုနှစ်မိုးရာသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက ကျောက်တံခါးရေလှောင် တမံ၊ ပင်းကန်နှင့် နတ်မောက်ရေလှောင်တမံတို့က ရေများကိုအမှီပြုပြီး စိုက်ပျိုးရေးသီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ ဇွန်လပိုင်းမှစတင်၍ စိုက်ပျိုးခဲ့ကြသည်။ နတ်မောက်မြို့နယ်အတွင်းရှိ တောင်ထောင့်ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ရွာမွန်၊ မျက်ရဲကန်၊ န/လက္ခုပ္ပင်၊ ကြူအိုင်၊ လျှော်တောင်၊ ဘုန်းတော်ပြည့်၊ လက်ပံတုန်း၊ လေးအိမ်၊ ချောင်းနက်တို့မှ ဒေသခံတောင်သူများက ဝါသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းတိုးတက်စေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါမကျရောက်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းစနစ်များကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ တောင်သူများကို အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ်လျာထားဧကပြည့်မီအောင် ဒေသခံဝါစိုက်တောင်သူများဖြင့် ပူးပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။

လှဝင်း