ငဖဲမြို့နယ်၌ ဝါဆိုလအခါသမယတွင် ဘုရားကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကား

ငဖဲ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုလအခါသမယ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)နှင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဗုဒ္ဓဘာသာဝင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကုသိုလ်ဒါနပြုလုပ်ခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်းထင်ရှားသည့် ပါရမီတောင်၊ ငှက်ပစ်တောင်၊ ငှက်ကဲကျောက်ဆင့် စသည့် တောင်တော်များရှိ စေတီပုထိုးများ၊ ရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မရိပ်သာများ၌ ပြည်သူအများ ပန်း၊ ဆီမီး၊ ဆွမ်း၊ ရေချမ်းကပ်လှူခြင်း၊ ဥပုဒ်သီလဆောက်တည်ကာ တရားဘာဝနာပွားများခြင်း၊ ဓမ္မစကြာသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊  ဝါဆိုသင်္ကန်းများကပ်လှူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ထိ ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)