မုံရွာ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ (၂၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ လယ်တီရပ်ကွက်၊ မဟာလယ်တီကျောင်းတိုက်၊ တိုက်အုပ်နာယက၊ မဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃာနာယကအဖွဲ့ အဖွဲ့ဝင်၊ ဘဒ္ဒန္တကေသဝဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဝတ်ရုံအထည်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်သံဃာနာယကအဖွဲ့ အဖွဲ့ဝင်၊ ဘဒ္ဒန္တဇောတိပါလာလင်္ကရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ပင့်သံဃာ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇-ခုနှစ်၊ (၂၂)ကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၉၄ တိုက်၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာ ၂၃၀၅ ပါးနှင့် သီလရှင် ကျောင်း ၄၁ ကျောင်းတို့မှ သီလရှင်ဆရာကြီး ၁၀၉၆ ပါး၊ ယင်းမာပင်မြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါလမဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း ၃၂ ပါး၊ တောင်တန်းသာသနာပြု ဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသများမှ သာသနာပြုရ ဟန်း ၁၂၉ ပါး၊ သီလရှင် ၂၁ ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ယခုလှူဒါန်းမှု ဝါဆို သင်္ကန်းစုစုပေါင်း ၂၄၆၆ စုံနှင့် သီလရှင်ဝတ်စုံ ၁၁၁၇ စုံအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)