မင်းလှ ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ ဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါဝင်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ မြို့ပေါ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း (၃၃) ကျောင်းမှ သံဃာတော်၊ သီလရှင်များ ကြွရောက် အလှူခံတော်မှုခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ထူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ စေတနာရှင်များက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ ခေါက်ဆွဲခြောက်ထုပ် စသည့် လှူဖွယ်ပစ္စည်းများ ကိုလောင်းလှူပေးခဲ့ကြသည်။
ထို့နောက်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မှုရာ ရပ်ကွက်နေစေတနာရှင် ပြည်သူများက ဆွမ်းဆန်နှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာထက်သန်စွာ လောင်းလှူပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)