ကြံခင်းမြို့၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း၌ ကာလဒါန ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကြံခင်း  ဇူလိုင်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က ကာလဒါနဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနား ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်သံဃာ ဆရာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ ဧည့်ပရိသတ်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယမထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ ယင်းနောက် ပင့်သံဃာ အရှင်သူမြတ်တို့ အား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဇူလိုင်လ ၈ ရက်နေ့တွင် တစ်ပြိုင်တည်း ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းကော်မတီဝင်များနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)