ပဲခူး ဇူလိုင် ၉
ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အပါအဝင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကားလျက်ရှိကြောင်း သိရသည်။
“သန္ဓေ တောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ” ဟူသော မြတ်ဗုဒ္ဓ၏ ထူးမြတ်သောဖြစ်စဉ်လေးမျိုး ဖြစ်ပေါ်ခဲ့သည့် ဤ ဝါဆိုလပြည့်နေ့သည် ထူးမြတ်သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်ပေသည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင်ပဲခူးမြို့ရှိ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော် မြတ်ကြီး၊ အပါအဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ ကျိုက်ပွန်ဘုရား၊ ဟင်္သာကုန်းဘုရား၊ ရွှေဂူကြီး ဘုရား၊ ရွှေဂူလေးဘုရားတို့တွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်း မိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ပြုမှုများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်