ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းသဖြင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော်ကျ

ပွင့်ဖြူ ဇူလိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် မှီခိုအားထားရသော ကြီးအုံကြီးဝတမံမှာ ယခုရက်ပိုင်း  မိုးများရွာသွန်းလျက်ရှိမှုကြောင့် တမံအတွင်း ရေဝင်ရောက်မှုတိုးလာခဲ့ပြီး ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့်  ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

အဆိုပါ  မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် ရေပိုလွှဲမှ ၇ ဒသမ ၈ ပေခန့် ရေကျော် ကျလျက်ရှိနေကြောင်း၊ ထိုသို့ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံ ပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်းနှင့် တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း  အဆိုပါ တမံရေကင်းတာဝန်ရှိသူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် ဒေသခံတောင်သူများကို (နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် နှစ်စဉ်မဲဇလီရေလွှဲဆည်သို့ စိုက်ပျိုးရေများ ပို့လွှတ်ကာ ဖြန့်ဝေပေးလျက်ရှိ၍ ဒေသတွင်းရှိ တောင်သူများအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုလည်း ဖြစ်သည်။ ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး တမံအတွင်း ရေဝင်မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တမံရေကင်း တာဝန်ရှိသူများက အများပြည်သူသိရှိနိုင်ရန် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး