ရွှေတောင် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က (ဘယ်လက်)တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ် စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က (ဘယ်လက်)ကျောင်းမှ တာဝန်ခံဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က ခွေးရူးပြန်ရောဂါအကြောင်း၊ တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိမိချိုက ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာများနှင့် အကြမ်းဖက်မှုများအကြောင်းကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က ဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်းကို လည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာန၊ ရုံးအကူ ဒေါ်ရွှေဝတ်ရည်တိုးမှ "အစာမစားတဲ့ဇနီး" ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)