မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဂွတ်ဒ်ဘရားသားကုမ္ပဏီတွင် တောင်သူများ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံအား Export တိုက်ရိုက်တင်ပို့ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ

မကွေး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ဂွတ်ဒ်ဘရားသားကုမ္ပဏီတွင် တောင်သူများ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံအား Export တိုက်ရိုက်တင်ပို့ဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေး-နတ်မောက်လမ်း၊ ကံလှကျေးရွာ ဂွတ်ဒ်ဘရားသားကုမ္ပဏီရုံးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတို့မှ တိုင်းဒေသကြီးဦးစီးမှူးများ၊ မကွေးကုန်စည်ဒိုင်ဥက္ကဋ္ဌ၊ မကွေးတိုင်းတောင်သူအဖွဲ့မှ တိုင်းတောင်သူဥက္ကဋ္ဌ၊ ဂွတ်ဒ်ဘရားသားကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မကွေး၊ မင်းဘူးနှင့် မြို့သစ်မြို့နယ်များမှ တောင်သူကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဒုတိယဦးစီးမှူး ဒေါ်တင်တင်လှနှင့်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းအေးတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး၊ မကွေးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးဖိုးနီနှင့် မကွေးတိုင်းတောင်သူအဖွဲ့မှ တိုင်းတောင်သူဥက္ကဋ္ဌ ဦးဟန်ညွှန့်တို့က တောင်သူများ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံအား စိုက်ပျိုးရသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဂွတ်ဒ်ဘရားသားကုမ္ပဏီလီမိတတ် Operation Head ဦးအောင်ခိုင်စိုးက ကုမ္ပဏီ၏ သီးနှံဝယ်ယူရောင်းချမှု အခြေနေအားရှင်းလင်းတင်ပြကာ၊ တက်ရောက်လာသူ တောင်သူများမှ သိလိုသည့်မေးမြန်းမှုများအား တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြေကြားမှုများ ဆောင်ရွက်ခဲ့ပြီး၊ ဂွတ်ဒ်ဘရားသားကုမ္ပဏီလီမိတတ်မှ ထွက်ရှိသည့် စားသောက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် နှမ်းများ ကွန်တိန်နာတင်သည့် လုပ်ငန်းစဉ် ဆောင်ရွက်မှုတို့အား ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

Good Brother Co.,Ltd အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ထွက်ကုန်သီးနှံအား Container များဖြင့် ဆိပ်ကမ်းအရောက် Export တိုက်ရိုက်တင်ပို့နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ တောင်သူများအနေဖြင့် တိုက်ရိုက်ရောင်းချနိုင်သောကြောင့် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ခြင်း၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်းနှင့် ထုတ်ကုန်သီးနှံမှာ အရည်အသွေး ကောင်းမွန်သောကြောင့် ဈေးကွက်ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း၊ လယ်ယာဝန်ဆောင်မှုလုပ်ငန်းနှင့်အခြားသောလုပ်ငန်းများဆောင်ရွက်ရာတွင် (၃၃)နှစ်ကျော် ရပ်တည်လာခဲ့ပြီး၊ တောင်သူများ၏ အကျိုးစီးပွားအား ပိုမိုမျှော်လင့်ကြောင်း၊ အရည်အသွေး ပိုင်းနှင့် သန့်စင်မှုပိုင်းအား မိတ်ဖက်ကုမ္ပဏီ MMTW ဖြင့် ပူးပေါင်းဆောင်ရွက်၍ အက်ဆစ်ဓါတ် အနေဖြင့် မသန့်စင်ခင် (2%)၊ သန့်စင်ပြီး (1.5%) ရှိပါကြောင်း၊ စနစ်တကျ သန့်စင်ပြီး ရောင်းချလျှင် ဈေးကွက်အားပိုမို ထိုးဖောက်နိုင်ကြောင်း၊ လက်ရှိမှာ မြို့နယ်(၅)မြို့နယ်မှ တောင်သူဦးရေ (၁၈၀၀)ဦးခန့်ဖြင့်  GAP စိုက်ဧက (၁၄၀၀၀)ကျော် ဆောင်ရွက် လျက်ရှိကြောင်း၊ GBS Co.,LTd မှ ဆောင်ရွက်နေဆဲ လုပ်ငန်းများအနေဖြင့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့် ပဲ/နှမ်း သန့်စင်ခြင်းလုပ်ငန်းများ/ အသေးစားယာယီဆီစက်လုပ်ငန်း၊ ထန်းလျက်ချက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဂွတ်ဒ်ဘရားသားကုမ္ပဏီလီမိတတ် တာဝန်ရှိသူထံမှ သိရသည်။

မောင်ညီညာ