ရေနံချောင်းတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ရေနံချောင်း ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန် နေ့နံနက် ၁၀ နာရီက ပတ္တမြားခန်းမ၌ ကျင်းပသည်။

ဦးစွာ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သီဆိုကြသည်။ ထို့နောက် ပါမောက္ခချုပ် ဆရာမကြီးက အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။  ဆက်လက်၍ သမိုင်းဌာန ပါမောက္ခ ဒေါက်တာထားသက်သက်ဦးက “လေးမြတ်ဂုဏ်ရည် အာဇာနည်”ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံများကို ဟောပြောသည်။

ယင်းနောက် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)