ငဖဲ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မန်းချောင်းရေလှောင်တမံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ ညနေ ၅ နာရီအချိန် တိုင်းတာချက်အရ မန်းချောင်းရေလှောင်တမံ အမြင့် ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေရှိရာမှ ၆၂၈.၄၀ ပေသို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၃.၄၀ ပေအမြင့်အဖြစ် တမံရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိကြောင်း ငဖဲမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ထက်ကျော်လွန်ကာရေပိုလွှဲမှ ရေကျော်စီးဆင်းနေ၍ မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့်ရှင်းလင်းဆောင် နေရာများတွင်လည်းကောင်း၊ မန်းတမံနှင့်ရင့်ရှည်ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံလွှင့်ထူထားရှိပြီး တမံအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း အချိန်နှင့်တစ်ပြေးညီအသိပေးနှိုးဆော်လျက်ရှိသည်။
ငဖဲမြို့နယ်၊ မန်းချောင်းရေလှောင်တမံတွင် မေလစတုတ္ထပတ်မှစတင်ကာ မိုးများရွာသွန်းခဲ့ပြီး ဇွန်လနှင့်ဇူလိုင်လတွင်လည်း မိုးများဆက်လက်ရွာသွန်းခဲ့ရာ ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ်ဝင်ရောက်မှုတို့ကြောင့် မန်းတမံရေပိုလွှဲမှ ဇွန်လ ၉ ရက်နေ့မှစတင်၍ ရေပိုလွှဲမှရေကျော်စီးဆင်းခဲ့ရာ ယနေ့တွင် ၃.၄၀ ပေ အမြင့်ဖြင့် ရေကျော်စီးဆင်းလျက်ရှိကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကာ ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မယု (ငဖဲ)