မုံရွာ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းမြစ် အိုးဘိုတောင် ၁၀ ပေါက်တွဲရေတံခါးရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေး တာတမံရှိ ရေသွင်း/ရေထုတ်တံခါးများ ကြံ့ခိုင်မှုများ ဆောင်ရွက်ထားရှိမှု၊ ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရေထိန်းတာဘောင်များ ဘဏ္ဍာနှစ်အလိုက် ကြံ့ခိုင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် အင်း/အိုင်များအတွင်း ရေဝင်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ရေထိန်းတာဘောင်များနှင့် ရေတံခါးများအား ကြံ့ခိုင်မှုအမြဲရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် မြေပြင်အထိကွင်းဆင်း၍ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်အား အမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက် ရပ်ကွက်နေ ပြည်သူများနှင့် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင် ၁၀ ပေါက်တွဲ ရေတံခါး ရေဝင်ရောက်မှုအခြေအနေနှင့် ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ကမ်းပေတိုင် အမှတ် ၄၁၁၆၀ မှ ၄၀၁၆၀ အတွင်း ရေထိန်းတာဘောင်များ ကြံ့ခိုင်မှု ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် ပိုမိုကြံ့ခိုင်မှုရှိစေအတွက် ပြန်လည်ဖြည့်စွက် ပြင်ဆင်ဆောင်ရွက်သွားမည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ် မီးသတ်စခန်းသို့ ရောက်ရှိရာ ရေပြင်ရှာဖွေကယ်ဆယ်ရေး Speed Boat များနှင့် ကယ်ဆယ်ရေးပစ္စည်များ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ် ဆေးပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက တပ်ဖွဲ့ဝင်များအနေဖြင့် သင့် ၄ သင့်ဖြင့် အမြဲသတိရှိစွာ နေထိုင်စောင့်ကြည့်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြောင်းရဲ တပ်ဖွဲ့ခွဲ(မုံရွာ)မှ အမြန်သွားကင်းလှည့်ရေယာဉ်ဖြင့် ကွေ့ကြီးရပ်ကွက်၊ ချင်းတွင်းမြစ် မီးသတ်စခန်းမှ မုံရွာတောင်ရပ်ကွက်ရှိ ဇက်ကူးတို့ဆိပ်အထိ ချင်းတွင်းမြစ်တာဘောင် ကြံ့ခိုင်မှုများနှင့် မြစ်ရေ ကြီးမြင့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့ရောက်ရှိရာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်ကြီးများ၊ အဆင့်မြင့်မီးငြိမ်းသတ်ယာဉ်ကြီးများနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ ရောက်ရှိရာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများအတွက် အသင့်သိုလှောင်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဖြန့်ဝေပေးမည့် ကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဖြန့်ဝေးပေးရမည့် ကယ်ဆယ်ရေးပစ္စည်များအား သက်ဆိုင်ရာမြို့နယ်များသို့ အချိန်မီရောက်ရှိရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)