ထားဝယ် ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အသက်မွေးဝမ်းကျောင်းအတတ်ပညာများရရှိစေရန်၊ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် မိမိကိုယ်မိမိရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိရန်၊ မိသားစုဘဝ ငြိမ်းချမ်းသာယာရန်၊ နိုင်ငံတော်ကုန်ထုတ် စွမ်းအားပိုမိုမြင့်မားစေရန်နှင့် အမျိုးသမီးများဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသူတစ်ဦးကို အပ်ချုပ် စက်(၁)လုံးအား ဆုအဖြစ် ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ ယခုစက်ချုပ်သင်တန်းတွင် ကျောင်းပြင်ပပညာရေးတွင် သင်ကြားနေသူများလည်း သင်တန်းတွင် ပါဝင်တက်ရောက်နေသည်ကို သိရှိရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပပညာရေး နည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူငယ်များအတွက် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်း ကျောင်းသင်တန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး အကသင်တန်းများနှင့် တိုင်းရင်းသားဘာသာ စာပေသင်ဆရာဖြစ်သင်တန်းများကို တိုင်းရင်းသား လူငယ်များအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းပြင်ပပညာရေး အစီ အစဉ်တွင် Level-1 နှင့် Level-2 တွင် တက်မြောက်အောင်မြင်ပါက အဆင့်မြင့်ပညာရပ်ဖြစ်သည့် စိုက်ပျိုးရေးသင်တန်းကျောင်းနှင့် မွေးမြူရေးသင်တန်းကျောင်းများတွင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်နည်းစနစ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်သည့်အတွက် တက်တက်ကြွကြွ ဇွဲရှိရှိဖြင့် သင်တန်းပြီးဆုံးအောင် မြင်သည်အထိ တက်ရောက်သွားကြရန် လက်တွေ့ဘဝနယ်ပယ်မှာပါ အသုံးဝင်ပြီး ပြန်လည်အသုံးချလို့ရသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသူ (၂၀) ဦးကို ဩဂုတ်လ ၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)