ထားဝယ် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏( ၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပ သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ယနေ့ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ပေးရမည့် လုပ်ငန်း(၄)ခုရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလေ တိုင်းဒေသကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များစွာရရှိမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများရှိပါက ဒေသအတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်စားဝတ်နေရေးအဆင်ပြေနိုင်ကြောင်း၊ မကြာခင် ကာလအတွင်း နိုင်ငံခြားနှင့်ဆက်စပ်ပြီး လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုများ၊ ရေကြောင်းဖြင့် ခရီးသွားလုပ်ငန်းများ ရှိလာမည်ဖြစ်သည်အတွက် ယခုထက်ပို၍ အကျိုးစီးပွားဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တနင်္သာရီဝမင်း ကုမ္ပဏီလီမိတက်က တောင်ပို့ကွင်း၊ တောင်ပို့ကျေးရွာ၊ သဗျာကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်၊ မြေဧရိယာ ၄ ဒသမ ၅၈ ဧကရှိ ဥယျာဉ်ခြံမြေပေါ်တွင် ဝဥအလွှာအခြောက်ခံလုပ်ငန်းအား လည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှု ကော်မတီ၏ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကန်ဘောက် ကျေးရွာတွင် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်စက်များဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေသော Petro & Trans Co., Ltd . က သက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြိတ်မြို့နယ်တွင် Heavy Fuel Oil (HFO) သုံး အင်ဂျင်စက်များဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေသော Petro &Trans ကုမ္ပဏီက သက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ ဦးပိုင်အမှတ် (N-၅၈-၉၁)၊ ကွင်းအမှတ် (၂၁၇)၊ တွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော Myanmar Beach Co., Ltd, က တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး နှင့် ကော်မတီဝင်များက ဆွေးနွေးတင်ပြချက်များ အပေါ်တွင် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)