ကန့်ဘလူ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးသရုပ်ပြပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ စျေးများအပါအဝင် လူမှုပတ်ဝန်း ကျင်အသီးသီး၌ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေးဟောပြောသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ခွဲခြားစွန့်ပစ်ရမည့် အမှိုက်လေးမျိုးအား သတ်မှတ် အမှိုက်ပုံးများဖြစ်သည့် အစိမ်းရောင်ပုံးတွင် အမှိုက်စို၊ အဝါရောင်ပုံးတွင် အမှိုက်ခြောက်၊ အပြာရောင်ပုံးတွင် ပလတ်စတစ်အမှိုက်၊ အနီရောင်ပုံးတွင် ဘေးအန္တရာယ်ရှိအမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်ရမည့်ပုံစံများကို ရှင်းလင်းပြောကြားသည်။
အသိပညာပေးသရုပ်ပြပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပညာရေးမှုးရုံးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို လေ့ လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း