ကန့်ဘလူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ်ဖော်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီး ကျေးရွာ၌ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို စက်မှုလယ်ယာမြေအဖြစ် ဧက ၁၀၀ ကို ဖော်ထုတ်မည်ဖြစ်ရာ ဇွန်လကုန်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဒေသခံတောင်သူ လယ်တစ်ကွက်နှင့်တစ်ကွက်ကလည်းဆက်နေပြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စက်မှုလယ်ယာမြေများ ဖော်ထုတ်ရာတွင် ထွန်ယက်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းခြွေလှေ့ သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်ကြရာ၌ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သောမြေအကျယ်အဝန်းတိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှသည်နှစ်သီး သုံးသီးစိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များ၊ ထွက်ရှိလာသောသီးနှံများကို သယ်ယူရောင်းချနိုင်ရေး ကုန်ထုတ်လမ်းများ စသည်ဖြင့် အဆင့်ဆင့်ဖော်ထုတ်ရမည်ဖြစ်သည်။

စနစ်ကျလယ်ယာမြေဖော်ထုတ်နိုင်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်မည်ဖြစ်၍ တောင်သူများ၏ ပုံသဏ္ဍာန်မမှန်သော လယ်ယာမြေကွက်များကို ဧကကွက်များအဖြစ် ပုံသဏ္ဍာန်မှန်သွားအောင် စက်ယန္တရားကြီးများဖြင့် ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်း၊ မြေညှိခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် သီးထပ် သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်မြောင်းများ စနစ်တကျတည်ဆောက်ခြင်း၊ ကုန်ထုတ်လမ်းများဖောက်လုပ်ထားခြင်း စသည့်အကျိုးကျေးဇူးများကြောင့် ရေသွင်းရေထုတ် အလွယ်တကူဆောင်ရွက်နိုင်ခြင်း၊ ထွက်ရှိလာသောသီးနှံများကို အလွယ်တကူ သယ်ယူရောင်းချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ထွန်းက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တရားအသုံးပြု၍ စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှု အခက်အခဲကို ကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း သီးနှံများကို နှစ်သီးသုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်သည်။ စနစ်ကျလယ်ယာမြေများသည် ရေထိုင်မြေထိုင်ကောင်းမွန်၍ သမားရိုးကျလယ်ယာမြေများထက် သီးနှံအထွက်နှုန်း ပိုမိုကောာင်းမွန်ခြင်း၊ စျေးကွက်သို့ ပို့ဆောင်ရာတွင် လျင်မြန်လွယ်ကူစေခြင်း စသည့်အားသာချက်များရှိကာ ယခုကဲ့သို့ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့် ဒေသခံတောင်သူများအတွက်ရော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုမည်ဖြစ်သည်။

အဆိုပါစနစ်ကျ လယ်ယာမြေဖော်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ညောင်ပင်ကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးထွန်းက ” ကျွန်တော်တို့ဒေသက လယ်တစ်ကွက်နှင့်တစ်ကွက်ကလည်းဆက်နေပြီး လယ်ကြားမြောင်းတွေကလည်း ပျောက်နေတယ်။ လယ်ကိုသွားရင် အဝင်လမ်းအထွက်လမ်းလည်းမရှိတော့ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်ဆို သွားရေးလာရေးခက်သလို လယ်ကြားမြောင်းမရှိတဲ့အတွက် ရေအ ခက်အခဲလည်းရှိကြပါတယ်။ အခုဖော်ထုတ်ပေးမယ့် လယ်ယာမြေတွေက ကုန်ထုတ်လမ်းတွေ၊ ရေသွင်းမြောင်းတွေ စနစ်တကျပါတဲ့အတွက် စိုက်ပျိုးချိန်မှာရေအဆင်ပြေသလို  သီးနှံစိုက်ပျိုးထုတ်လုပ်မှု  ပိုပြီးကောင်းလာမှာဖြစ်ပါတယ် ” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးကိုပါ ပိုမိုကျယ်ပြန့်စွာ ဖော်ဆောင်ပေးလျက်ရှိကြောင်းနှင့် ကန့်ဘလူမြို့နယ်တွင် စနစ်ကျလယ်ယာမြေများကို ဘဏ္ဍာနှစ်အလိုက် ဖော်ထုတ်ပေးလျက်ရှိရာ စနစ်ကျစက်မှုလယ်ယာမြေ ဧက ၆၀၀ ဖော် ထုတ်ပြီးစီးပြီး ယခုဧက ၁၀၀ ဖော်ထုတ်ပြီးပါက စုစုပေါင်း ဧက ၇၀၀ ရှိမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)