မော်လမြိုင်ကျွန်း ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများသည် စပါးမျိုးစေ့ ထုတ်လုပ်နိုင်ရေး၊ စပါး (၁) ဧကလျှင် (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေးတို့အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစီမံကိန်း အတွက် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူ အစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ တောင်သူအစုအဖွဲ့ သုံးဦးသုံးဖလှယ် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာ စိုက်ပျိုးသည့်တောင်သူများ အထွက်နှုန်းတိုးစေရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး အတွက် ပုလဲ၊ ကွန်ပေါင်း၊ မျိုးစပါးများကို (၁)ဧကလျှင် (၂၅၀၀၀၀) ကျပ်အညီမျှဖြင့် ကျေးရွာပေါင်း (၄၆) ရွာ၊ ဧက (၈၀၀၀)အတွက် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဋ္ဌေးနှင့် ဝန်ထမ်းများက လုပ်ငန်းရှင်များ၊ တောင်သူများနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီအရာရှိ ဦးသိန်းဌေး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်