ထားဝယ်မြို့၌ တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်

ထားဝယ်      ဇူလိုင်  ၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အသက် မွေးဝမ်းကျောင်းအတတ်ပညာများ ရရှိစေရန်၊ အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းပညာများရရှိခြင်းဖြင့် မိမိကိုယ်မိမိရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတစ်ဖက်တစ်လမ်း မှရရှိရန်၊ မိသားစုဘဝငြိမ်းချမ်းသာယာရန်၊ နိုင်ငံတော်ကုန်ထုတ် စွမ်းအား ပိုမိုမြင့်မားစေရန်နှင့် အမျိုးသမီးများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင်ထူးချွန်ဆုရရှိသူတစ်ဦးကို အပ်ချုပ်စက်တစ်လုံးကို ဆုအဖြစ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ ယခုစက်ချုပ်သင်တန်းတွင်ကျောင်းပြင်ပပညာရေးတွင် သင်ကြားနေသူများလည်း သင်တန်းတွင် ပါဝင်တက်ရောက်နေသည်ကို သိရှိရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့်သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူတိုင်းရင်းသား လူငယ်များအတွက် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းရေး အကသင်တန်းများနှင့် တိုင်းရင်းသားဘာသာစာပေသင်ဆရာဖြစ်သင်တန်းများကို တိုင်းရင်းသားလူငယ်များအတွက်အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းပြင်ပပညာ ရေး အစီ အစဉ်တွင်  Level-1 နှင့် Level-2 တွင်တက်မြောက်အောင်မြင်ပါက အဆင့်မြင့် ပညာရပ်ဖြစ်သည့် စိုက်ပျိုးရေးသင်တန်းကျောင်း နှင့်မွေးမြူရေးသင်တန်းကျောင်းများတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် အခြေခံစက်ချုပ်နည်းစနစ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် တက်တက်ကြွကြွ၊ ဇွဲရှိရှိဖြင့် သင်တန်းပြီးဆုံး အောင်မြင်သည်အထိ တက်ရောက်သွားကြရန်၊ လက်တွေ့ဘဝနယ်ပယ်မှာပါ အသုံးဝင်ပြီး ပြန်လည်အသုံးချနိုင်သည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအားသင်ထောက်ကူပစ္စည်းများပေးအပ်သည်။

တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းတွင် တာဝန်ရှိသူများ က သင်တန်းသူ၂၀ကို ဩဂုတ် ၂ ရက်အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)